Tuesday, February 20, 2018

CNY - Smart Island Trip (တရုတ်နှစ်သစ်ကူး ပါပန့်ကျွန်းသို့အလည်ခရီး)

(16-02-18) Chinese New Year နေ့လေးမှာ သူငယ်ချင်းနှင့်အတူ အခုတလော ရေပန်းစားနေတဲ့ ကျောက်စရစ်ခဲတွေရှိရာကျွန်း Smart Island (ပါပန့်ကျွန်း) သို့ သွားရောက်လည်ပတ်ဖြစ်ခဲ့တယ်။

မြိတ်မြို့ဆိပ်ငယ်တံတားကနေ Speed Boat နဲ့ နံနက်(7)နာရီခွဲမှာ စတင်ထွက်ခွာပြီး ကျွန်းကို နံနက်(10)နာရီကျော်ကျော်လောက်မှာရောက်ရှိပါတယ်။ Engine (3)လုံးတပ်ထားတဲ့ Speed Boat နဲ့သွားတာ မြိတ်ကနေ ကျွန်းအရောက် စုစုပေါင်းအချိန်(3)နာရီခန့်ကြာမြင့်ပါတယ်။

Speed Boat ကိုဒီလိုမောင်းတာ

Speed Boat ထဲမှာ


ကျွန်းပေါ်ကိုရောက်တာနဲ့မြင်လိုက်ရတာကြည်လင်ပြာလဲ့နေတဲ့ရေပြင်ကြီးရယ် ဖြူဖွေးပြီးနင်းလိုက်တိုင်းနူးညံ့လွန်းလှတဲ့သဲသောင်ပြင်ကြီးရယ်ကြောင့် လှေပေါ်မှာအကြာကြီးစီးလာရလို့ ညောင်းညာခဲ့တာတွေမေ့ပြီး စိတ်ထဲမှာလုံးဝလန်းဆန်းကြည်လင်သွားပါတော့တယ်။




















ကျွန်းပေါ်ကသဘာဝအတိုင်းရှိနေတဲ့ကျောက်တောင်ကြီးတွေကလဲအရမ်းကိုလှပလွန်းပါတယ်။ သစ်တောသစ်ပင်လေးတွေလဲအုပ်အုပ်ဆိုင်းဆိုင်းရှိပြီးကျွန်းကလေးက သာယာပြီးနေချင်စဖွယ်ကောင်းလှပါတယ်။


နေရာအနှံ့လှည့်ပတ်ကြည့်ပြီး ဓာတ်ပုံတွေလိုက်ရိုက်ကြပါတယ်။ ဒီဘက်နားလေးမှာ လည်ပတ်ပြီးသွားတဲ့နောက်မှာတော့ ဟိုးတဘက်ခြမ်းမှာရှိတဲ့ ကျောက်စရစ်ခဲလေးတွေရှိရာနေရာကို သွားဖို့ပြင်ဆင်ကြပါတယ်။ ကျွန်းပေါ်မှာပြုပြင်ထားတဲ့လမ်းကလေးအတိုင်း (5)မိနစ်ခန့်ဆက်လျှောက်သွားပြီးတဲ့နောက်မှာတော့ သဘာဝအတိုင်းတည်ရှိနေတဲ့ ကျောက်စရစ်ခဲလေးတွေပြည့်နှက်နေတဲ့ သုံးရောင်ခြယ်ပင်လယ်ပြင်ကြီးနဲ့ ကမ်းခြေကို မျက်စိပသာဒရှိစွာ ရှုမြင်လိုက်ရပါပြီ။ ကဲ..... ပုံလေးတွေကြည့်ပြီး ကျွန်းပေါ်ကို အတူတူလျှောက်လည်ကြရအောင်နော့......

အရမ်းကိုလှတဲ့ကျောက်စရစ်ကမ်းခြေပင်လယ်ကြီး



ကျောက်စရစ်ခဲတွေကသဘာဝအတိုင်းရှိနေတာ Smart Island ရဲ့ထူးခြားချက်ပါ

ရေပြင်ကကြည်ပြီးစိမ်းလဲ့နေတယ်
ကျောက်စရစ်ခဲလေးတွေ လှမှလှ
                                                         
သဲသောင်ပြင်ကလမ်းလျှောက်လို့အရမ်းကောင်း နူးညံ့နေတာပဲ့

အသဲပုံကျောက်စရစ်လေးတွေလဲတွေ့ခဲ့တယ် ချစ်စရာလေးတွေ
ရေပြင်ကအဲ့လိုကိုကြည်တာ  
ကိုယ်တွေကရေလဲမကူးဖြစ်တော့ ကျွန်းပေါ်မှာ လှည့်ပတ်ကြည့် သူငယ်ချင်းနဲ့အတူ ဓာတ်ပုံတွေရိုက်ပြီး နေ့လယ်စာအတူစားကြတယ်။ Sky Max Travel Agency က ၀ယ်ထားတဲ့လက်မှတ်က လူတစ်ယောက် 35000 ကျပ် ခရီးစဉ်အတွက်အပြီးအစီးပါ။ (နံနက်စာအတွက် ပေါင်မုန့်တလုံး အအေးတဗူး ရေသန့်အလတ်စားအရွယ်နှစ်ဗူးနဲ့ နေ့လယ်စာအတွက်ထမင်းဗူး ဟင်းကတော့ကြက်သားဟင်း ထမင်းဗူးထဲဟင်းထုပ်လေးတခါတည်းထည့်ပေးထားတယ်)

ကိုယ်တို့ခရီးစဉ်မှာ အားလုံးလူဦးရေ (44)ယောက်လို့ပြောပါတယ်။ ကိုယ်လဲမရေထားလိုက်လို့ သေချာတော့မသိပါဘူး။ ကျွန်းပေါ်မှာတ၀ကြီးနေလိုက်ရတယ်... နေ့လယ်(2)နာရီမှာတော့ ကျွန်းကနေပြန်ထွက်တာ ညနေ(4း45)နာရီမှာ မြိတ်ကိုပြန်ရောက်တယ်။ 
ကဲ.....ပါပန့်ကျွန်းခရီးစဉ်လေး အောင်မြင်စွာပြီးဆုံးသွားပါပြီရှင့်။


Tuesday, February 6, 2018

မြတ်ဗုဒ္ဓခြေတော်ရာ ပါဒစက်တော်ရာစေတီတော်

ကိုယ့်မွေးရပ်မြေက မြတ်ဗုဒ္ဓခြေတော်ရာ ပါဒစက်တော်ရာစေတီတော်ကို ဘုရားဖူးသွားကြရအောင်လား....

ပလမြို့ကနေ ကား(သို့)ဆိုင်ကယ်နဲ့ မိနစ်(20 ~ 30)လောက်မောင်းရင် စက်တော်ရာတောင်ခြေကိုရောက်ပါပြီ။ ငယ်ငယ်တုန်းကတော့ ညဘက်(9-10)နာရီဝန်းကျင်လောက် ဒါမှမဟုတ်ရင် မနက်စောစော(4-5)နာရီဝန်းကျင်လောက်ကို အစ်မတွေညီမတွေနဲ့အတူတူ တောင်ပေါ်ကိုတက်ကြပါတယ်။ ည(သို့)မနက်စောစောတက်တာက အမောခံနိုင်အောင်လို့ပါ။ တောင်က မြင့်တော့ နေ့ဖက်တွေတက်ရင် ချွေးတဒီးဒီးနဲ့တက်ရတာ တော်တော်လေးမောပါတယ်။ ဒါကြောင့် ည(သို့)မနက်ဖက်တွေ တက်ကြတာများပါတယ်။

ဘုရားပွဲက သင်္ကြန်မတိုင်ခင်(2)ရက်အလိုကနေ နှစ်ဆန်း(2)ရက်နေ့လောက်အထိကျင်းပလေ့ရှိပါတယ်။ အနယ်နယ်အရပ်ရပ်ကဘုရားဖူးတွေလာရောက်ကြပြီးတော့ ဈေးဆိုင်တွေ ဇာတ်ပွဲတွေနဲ့ ကြက်ပျံမကျစည်ကားလှပါတယ်။ အရေးပေါ်ဆေးပေးခန်းနဲ့ကြက်ခြေနီတွေလဲဘုရားပွဲကျင်းနေစဉ်ရက်တွေအတွင်းမှာ ထားရှိပေးပါတယ်။

အရင်ကခြေလျင်သာတက်လို့ရပေမဲ့ ပြီးခဲ့တဲ့(2)နှစ်လောက်ကစပြီး တောင်ပေါ်အထိကားလမ်းပေါက်လို့ ကားနဲ့တက်နိုင်နေပါပြီ။ ကားနဲ့တက်မယ်ဆိုရင် အလွန်ဆုံးနာရီဝက် အမြန်ဆုံးမိနစ်(20)လောက်ဆိုတောင်ပေါ်ရောက်ပါပြီ။ အသက်ကြီးသူတွေ အမောမခံနိုင်သူတွေအတွက်တော့ ကားနဲ့တက်တာအကောင်းဆုံးပါ။

ကိုယ်တို့ညီအစ်မတွေဆိုရင် ပလကနေဆိုင်ကယ်တွေနဲ့စက်တော်ရာတောင်ခြေအထိလာ ဆိုင်ကယ်အပ်တဲ့နေရာမှာဆိုင်ကယ်တွေထားခဲ့ပြီး တောင်ပေါ်ကိုခြေလျင်တက်ကြပါတယ်။ အိမ်ကနေထမင်းချိုင့်တွေထည့်ယူလာပြီး တောင်ပ်ါရောက်ရင် အာရုဏ်ဆွမ်းကပ်ပြီးတာနဲ့ ကိုယ်တွေဝိုင်းစုပြီး နံနက်စာမြိန်မြိန်ယှက်ယှက်စားကြတာပေါ့။ တောင်တက်ထားရလို့ မောတာနဲ့ ဗိုက်ဆာတာပေါင်းပြီး အသားကုန်လွေးကြတာပါ။ လမ်းမှာမောရင်တထောက်နားလိုက် ပြန်တက်လိုက်နဲ့ (4-5)ခါလောက်နားပြီးမှ တောင်ပေါ်ရောက်တာပါ။ ရောက်ခါနီးပြီဆိုရင် တောင်ကပိုမတ်လာတော့ မနည်းကြိုးစားပြီးတက်ရပါတယ်။ တောင်ပေါ်ရောက်ရင်တော့ လေလေးတဖြူးဖြူးနဲ့ ဘုရားရိပ်ကအေးမြတော့ အမောတွေချက်ချင်းကိုပြေသွားတော့တာပါ။

ပြီးခဲ့တဲ့နှစ်က ရုံးကအစ်မတွေ၊ သူငယ်ချင်းတွေနဲ့အတူ စက်တော်ရာတောင်ပေါ်သွားထားတဲ့ပုံလေးတွေနဲ့ အတူတူတောင်တက်ရင် ဘုရားဖူးကြရအောင်နော့......

တောင်ခြေမှမုခ်ဦး

တောင်စတက်ရာနေရာမှ ဘုန်းတော်ကြီးကျောင်းမုခ်ဦး

လမ်းမှာတထောက်နားရာနေရာ (ကျောက်ဆင် - ဆင်တကောင်ဝပ်နေတဲ့ပုံစံကျောက်တုံးကြီးပေါ်မှာ စေတီလေးတည်ထားတာ) ဒီနေရာလေးကို ကျောက်ဆင်လို့ခေါ်တယ်။
တောင်ပေါ်ရောက်ခါနီးတွေ့ရတဲ့ ကျောက်ပြားပေါ်မှ ဘီလူးခြေရာ
ဘီလူးဒူးတုပ်(ပဆစ်တုပ်)ရေတွင်း - မြတ်စွာဘုရားကို ဘီလူးမင်းကပုဆစ်တုပ်ပြီးပူဇော်ကန်တော့သည့်နေရာ (ငယ်ငယ်တုန်းကတော့ ဒီရေတွင်းကရေက ရောဂါပျောက်တယ်ဆိုပြီး ခပ်သောက်လို့ရတယ်လို့ လူကြီးတွေပြောတာကြာဖူးတယ်။ ကာလတွေရွေ့လျောလာတော့ ကိုယ်မသန့်တဲ့အမျိုးသမီးတွေရေခပ်တာ နယ်ခံမဟုတ်တဲ့ဘုရားဖူးတွေအမှိုက်တွေပစ်ချတာတွေကြောင့်  ရေတွင်းက တိမ်သွားပြီးတော့ အခုအချိန်မှာတော့ ဒီလိုဖြစ်နေပြီ)
ရဟန္တာခြေရာတော် (စက်တော်ရာစေတီတော်ရဲ့အောက်ဖက်နားမှာရှိတယ်)
ဘုရားဖူးလာသူတွေတောင်တက်နေကြတာ
ကဲ....တောင်ပေါ်ရောက်ပါပြီ အရမ်းကိုသပ္ပယ်လွန်းတဲ့စက်တော်ရာစေတီတော်ကို မီးရောင်တွေထိန်ညီးစွာဖြင့် ဖူးမြော်နိုင်ပါပြီ

နေ့ဖက်မှာ ဖူးမြော်ရတဲ့ စက်တော်ရာစေတီတော်
မှန်ပုံးထဲက မြတ်ဗုဒ္ဓခြေတော်ရာ (အရင်တုန်းကတော့ မှန်ပုံးမလုပ်ထားဘူး အမျိုးသမီးတွေလဲဝင်ခွင့်မပြုဘူး အခုနောက်ပိုင်း ဘုရားပွဲတွေမှာ အနယ်နယ်အရပ်ရပ်ကဘုရားဖူးတွေလာကြတော့ အမျိုးသမီးတချို့တွေအတင်းဝင်ကြတာနဲ့ ဒီလိုမှန်ပုံးနဲ့ဖြစ်သွားတာ)

မြတ်ဗုဒ္ဓခြေတော်ရာ
မြတ်ဗုဒ္ဓခြေတော်ရာ
တောင်ပေါ်ကညောင်ပင်နဲ့ဗုဒ္ဓရုပ်ပွားတော်များ

ခြေတော်ရာစေတီတော်အတွင်း



အနယ်နယ်အရပ်ရပ်ကဘုရားဖူးလာသူတွေကြက်ပျံမကျ (ဘုရားရဲ့တန်ခိုးတော်ကြောင့် လူတွေဘယ်လောက်များများတောင်ပေါ်မှာ နေရာမဆန့်ဘူးဆိုတာလုံးဝမရှိဘူး)
ခြေတော်ရာကို ဖူးဖို့တံခါးဝကစောင့်ဆိုင်းနေသူများ



တောင်ပေါ်ကမြင်ရတဲ့ရှုမျှော်ခင်းအလှ

ဘုရားဖူးလာသူတွေလိမ်းဖို့ထားပေးထားတဲ့ ကျောက်ပျဉ်ကြီးနဲ့ရေဗူး






အလည်ရောက်လာသော မိတ်ဆွေများအားလုံး မြတ်ဗုဒ္ဓခြေတော်ရာ ပါဒစက်တော်ရာစေတီတော်ကို ဖူးမြော်ပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။






Monday, February 5, 2018

ကြဲရေချိုချောင်းလေး


ကိုယ်တွေ ဟိုးငယ့်ငယ်တုန်းကတော့ ဒီကြဲချောင်းဟာ ပလ-မြိတ်ကားလမ်းပေါ်မှာရှိတဲ့ ကြဲကျေးရွာက သာမန်ရေချိုချောင်းလေးပေါ့။ ဘာမှထူးထူးခြားခြားရယ်လို့မရှိခဲ့ဘူး။ အရင်တုန်းက အဲ့ချောင်းကရေက ဒူျးေကျာ်ပြီး ရင်ဘတ်လောက်ထိနက်တာ။ ပါးစပ်ရာဇ၀င်တွေအရဆိုရင် ချောင်းနားမှာ ခြင်ထောင်လျှော်ရင် မိကျောင်းတက်လာတတ်တယ်လို့လဲပြောကြသေးတယ်။

တခါသား မုန်တိုင်းတွေအကြီးအကျယ်တိုက် မိုးတွေရွာတော့ တောင်ပေါ်ကနေမြေတွေပြိုကျပြီး ချောင်းထဲရောက်လာတော့ ချောင်းကတိမ်သွားတယ်။ အဲ့တုန်းက ဆင်အသေကြီးတစ်ကောင်ရယ် မြွေအကြီးကြီးအသေကြီးတစ်ကောင်ပါ ချောင်းထဲမျှောပါလာသေးတယ်။ ချောင်းကတိမ်တာမှ တော်တော်လေးကိုတိမ်သွားတာရယ်။ လူတွေလမ်းလျှောက်သွားလို့တောင်ရသွားတယ်။

ခေတ်တွေပြောင်းလာတော့ ဟိုးတလောမယ် မျက်နှာစာအုပ် (Facebook) ပေါ်မှာ ကြဲချောင်းမှာ သွားရောက်လည်ပတ်အပန်းဖြေကြတယ်ဆိုပြီး မြိတ်မြို့ပေါ်ကသူတွေ တင်ထားတာတွေ့တော့မှ ချောင်းကလေးဟာ အခုလောက်စည်ကားပြီး အပန်းဖြေစရာနေရာလေးဖြစ်လာတာ သိရတော့တယ်။

သီတင်းကျွတ်မှာ ကြီးကြီး(မေမေ့အစ်မ)ကို ကန်တော့ဖို့ မွေးရပ်မြေပလမြို့ကိုပြန်ဖြစ်တော့ ကြဲချောင်းလေးကို အလည်ရောက်ဖြစ်တယ်။ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ ရေချိုချောင်းကလေးမှာတော့ လာရောက်လည်ပတ်အပန်းဖြေသူတွေ မုန့်ဆိုင်တန်းလေးတွေနဲ့ တော်တော်လေးစည်ကားနေတာကို တွေ့ရတယ်။

ကဲ.....အောက်ကပုံလေးတွေနဲ့အတူတူ ကြဲရေချိုချောင်းကလေးကို အလည်သွားကြရအောင်နော့။



ချောင်းကတော်တော်လေးကိုတိမ်သွားတာ (အရင်တုန်းကဆိုရေပြင်ကြီးပေါ့)

ရေကကြည်နေတာပဲ့

ကလေးလေးတွေတောင်လမ်းလျှေက်လို့ရတယ်

ဈေးဆိုင်တန်းလေးတွေ (အကြော်စုံ သဘောင်္သီးသုတ် အအေး မုန့်မျိုးစုံရမယ်)

ကားနဲ့တဖုံ ဆိုင်ကယ်နဲ့တမျိုး လာရောက်လည်ပတ်ကြတယ်

ရေကြည်လွန်းတော့ ကျောက်ခဲလေးတွေကိုသေချာမြင်ရတယ်

တချို့တွေကဆိုင်ကယ်တွေကိုယ်စီနဲ့ ချောင်းလေးထဲမှာ

ချောင်းစပ်နားမှာ

နေလုံးနီနီညနေစောင်းပြီဆိုတော့ ပြန်တော့မယ်ကွယ်

CNY - Smart Island Trip (တရုတ်နှစ်သစ်ကူး ပါပန့်ကျွန်းသို့အလည်ခရီး)

(16-02-18) Chinese New Year နေ့လေးမှာ သူငယ်ချင်းနှင့်အတူ အခုတလော ရေပန်းစားနေတဲ့ ကျောက်စရစ်ခဲတွေရှိရာကျွန်း Smart Island (ပါပန့်ကျွန်း) သု...